ကမ္ဘာလှည့်ခရီးသည်များ၏စိတ်ကို ဖမ်းစားလာသည့် မြန်မာ့တောင်ပေါ်လမ်းလျှောက်ခရီး

Tanggal Tuesday, September 2, 2014 | 12:48 AM






ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၃၁၅ ပေ မြင့်မားသည့် တောင်ပေါ်မြို့လေး၏ တောင်ဆင်းတောင်တက်ြေ>ွမလိမ်ြေ>ွမကောက်လမ်းများတစ်လျှောက်တွင် ယခင်ကငါးရက်တစ်ဈေးရှိသော ဈေးနေ့များတွင်သာ လူသွားလူလာစည်ကားခဲ့သည်။ ယခုမူကား မြူမှုန်ဆိုင်းနေသော တောင်ပေါ်လမ်းများ၏ နံနက်ခင်းတို့သည် ကမ္ဘာအနှံ့မှလာရောက်ကြသော ခြေကျင်ခရီးသွားကြသူများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်။

ဆယ့်နှစ်ရာသီလုံး ထင်းရှူးရနံ့သင်းပျံ့ကာ ထင်းရှူးမြို့တော်အဖြစ် တင်စားခံရသော မြို့၊ ငှက်အမျိုးပေါင်း ၃ဝဝ ကျော်ကို တွေ့မြင်နိုင်ကာ ပန်းပေါင်းစုံ ပွင့်လန်းသောမြို့၊ နှစ်ပေါင်းရာချီသက်တမ်းရှိ ကိုလိုနီခေတ် အဆောက်အအုံများ ယနေ့တိုင် တွေ့မြင်နိုင်သည့်မြို့၊ တောင်ပေါ်ဒေသ တိုင်းရင်းသားလူမျိုး များဖြစ်သည့် ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ရှမ်းတို့ တစု တစည်းတည်းနေထိုင်ပြီး ၎င်းတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုရိုးရာလက်မှု ပညာရပ်များနှင့် စားသောက်ဖွယ်ရာများကို တွေ့မြင်နိုင်သည့်မြို့ စသည့် ဝိသေသများကြောင့် အဆိုပါတောင်ပေါ်မြို့လေးသည် နိုင်ငံခြားသား ဧည့်သည်များအကြား၊ ပြည်တွင်းပြည်ပရှိ ခရီးသွားကုမ္ပဏီများအကြား အဓိကထား အာရုံစိုက်ခံရသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းနေရာတစ်ခု ဖြစ်လာသည်။

ယင်းမြို့လေးကား မြန်မာနိုင်ငံ၏ ‘ဒုတိယအကြီးဆုံး ရေချိုအိုင်ဖြစ်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးကန်တည်ရှိရာ ညောင်ရွှေမြို့နှင့် မိုင်ပေါင်း ၅၇ မိုင်အကွာတွင် တည်ရှိသည့် ကလောမြို့ဖြစ်သည်။

ကလောမြို့သည် သဘာဝပတ်ဝန်းကျင်၊ သစ်ပင်၊ ပန်းမန်နှင့် ကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို ခရီးရှည်လမ်း လျှောက်၍(Trekking)ခရီးထွက်ရင်း တွေ့ရှိနိုင်သောကြောင့် နိုင်ငံခြားသား ဧည့်သည်များအကြား လူကြိုက်များလာခဲ့သည်။ ယင်းသို့လမ်းလျှောက်ခရီး ထွက်မည်ဆိုပါက အနီးပတ်ဝန်းကျင် နေ့ချင်းပြန် ခြေကျင်ခရီးတိုနှင့် ကလောမှ အင်းလေးကန်သို့ နှစ်ညအိပ်သုံးရက် ခရီးရှည် လမ်းလျှောက်ခရီး ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပေသည်။

ဧည့်လမ်းညွှန်(Trekking Guide) လုပ်သက် (၁၄)နှစ်ရှိပြီဖြစ်သည့် ကိုဖိုးကျော် (အဲလက်စ်)က '' ကလောကနေ အင်းလေးကန်ကို လမ်းလျှောက် ခရီးသွားတာက အခုချိန်မှာ နိုင်ငံခြားသားဧည့်သည်တွေအကြားမှာ အလွန်ကို ရေပန်းစားတဲ့ ခရီးတစ်ခု ဖြစ်လာနေပြီ။ မြန်မာပြည်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေဟာ ခရီးစဉ်တစ်လျှောက် ဟိုတယ်တွေမှာ တည်းရတယ်။ လေယာဉ်တွေ၊ ကားတွေ စီးရတယ်ဆိုတော့ ငြီးငွေ့တာပေါ့။ ဒီတော့ ကလောနဲ့ အင်းလေးအကြားက မရောက်ဖူး၊ မစားဖူးတာတွေ၊ မမြင်ဖူးတဲ့ ငှက်တွေ၊ တိရစ္ဆာန်တွေကို သွားကြည့်ဖို့ ‘ဒီခရီးကိုသွားတာ''ဟု ပြောသည်။

နိုင်ငံခြားသား မိတ်ဆွေတစ်ဦးအနေဖြင့် အမေရိကန် ဒေါ်လာ ၅ဝ မှ ၁ဝဝ အကြား အကုန်အကျခံနိုင်ပြီး ကျန်းမာကြံ့ခိုင်မှုရှိလျှင် ကလော-အင်းလေးကန် နှစ်ညအိပ် သုံးရက်ကြာလမ်းလျှောက်(Trekking) ခရီးစဉ်ကို စတင် နိုင်မည်ဖြစ်သည်။

Trekking သွားမယ်ဆိုရင် ဒေသခံ ဧည့်လမ်းညွှန်နဲ့ဆိုရင် ပိုသင့်တော်တယ်။ နိုင်ငံခြားသားဧည့်သည်တွေက ဒေသခံတွေရဲ့ ဓလေ့စရိုက်ကို သိချင်မှသိမယ်။ ဒေသခံဧည့်လမ်းညွှန်ဆိုရင်တော့ ‘ဒီဒေသရဲ့ ဓလေ့ထုံးတမ်းယဉ်ကျေးမှု တွေနဲ့ ယဉ်ပါးပြီးသား။ ဒေသခံဧည့်လမ်းညွှန်တွေက ဧည့်သည်ကို လမ်းခရီးမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြဖို့လိုပါလိမ့်မယ်''ဟု လမ်းလျှောက်ခရီးနှင့် ပတ်သက်၍ အတွေ့အကြုံများစွာရှိသည့် ဒေသခံ ဧည့်လမ်းညွှန် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(ကလော)၏ ဥက္ကဋ္ဌ ဦးဒိုစိုးဝင်းက မှတ်ချက်ပေးသည်။

ကလောမှ စတင်ထွက်ခွာသည့် ခရီးစဉ်အစသည် ထင်းရှူးတောများ၊ တောင်ယာစိုက်ခင်းများကို ငေးမောရင်း မြေနီနီတောင်စောင်းလမ်းများပေါ်တွင် တောင်တက်၊ တောင်ဆင်းခရီးကို ကြုံတွေ့ရမည်ဖြစ်သည်။ ခြောက်နာရီ ကြာ လမ်းလျှောက်သွားလာရင်း ပလောင်နှင့် ဓနုတိုင်းရင်းသားတို့၏ ဘာသာ စကား၊ ရိုးရာနေအိမ်၊ လက်မှုပညာ၊ ရိုးရာလက်ရက်ကန်းနှင့် လူနေမှုဘဝပုံစံကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ဒုတိယနေ့တွင် နေခြည်မကျအောင် အုံ့ဆိုင်းနေသည့် ညောင်ပင်တန်းများကြားမှ ဖြတ်သန်းကာ လမိုင်း၊ နန်းအော၊ ပေါကေး၊ ကုန်းလှနှင့် ပတ္တူပေါက် စသည့် တိုင်းရင်းသားဘာသာစကားဖြင့် အမည်မှည့်ထားသည့် တောင်ရိုး၊ ဓနုနှင့် ပအိုဝ်းတို့နေထိုင်ရာ ကျေးရွာများကို ခုနစ်နာရီကြာ လမ်းလျှောက်ဖြတ်ကျော်ရမည်။

တတိယနေ့တွင် ငါးနာရီခန့် လမ်းလျှောက်ပြီးပါက တောင်ပတ်လည် ဝန်းရံလျက်ရှိနေသည့် အနောက်တောင်ဘက်ရှိ တောင်တန်းများအပေါ်စီးမှ နေ၍ မျက်စိတစ်ဆုံး ကျယ်ပြောသည့် အင်းလေးကန် ရေပြင်ကျယ်ကြီးအား တွေ့မြင်ရပေမည်။

''သုံးရက်ခရီးမှာ ဘယ်လို အခက်အခဲတွေပဲတွေ့ခဲ့တွေ့ခဲ့ ခရီးလမ်းကြောင်း ဆုံးခါနီးဆိုရင် အင်းလေးကန်ရေပြင်ကြီးကို ကြည့်ရတဲ့ အရသာပေါ့။ တုံးလည်ရွာ ကနေ ညောင်ရွှေထိ တစ်နာရီလောက် လှေစီးရင်း အင်းလေးမှာပဲ တွေ့နိုင်တဲ့ ရေပေါ်စိုက်ခင်းတွေ၊ ခြေထောက်နဲ့ လှေလှော်တာ၊ ငါးဖမ်းတာ စတဲ့ စိတ်ဝင်စားစရာတွေ ဓာတ်ပုံရိုက်လိုက်ရတာနဲ့ ‘ဒီခရီးစဉ်ကို လာရကျိုးနပ်တယ်ဆိုပြီး ကျွန်တော့် ဧည့်သည်တိုင်းလိုလိုက ပြောကြတယ်'' ဟု ကိုရဲဘုန်းပိုင်က နိုင်ငံခြားဧည့်သည် တိုင်း ခရီးစဉ်အဆုံးတွင် ပြောနေကျစကားများအား ပြန်လည်ရေရွတ်သည်။

ကလောမြို့သို့ စိမ့်ဝင်များပြားလာသည့် နိုင်ငံခြားသား ဧည့်သည်များကြောင့် ကလောမြို့ပေါ်တွင် နိုင်ငံခြားသားများ ခရီးရှည်လမ်းလျှောက်ရန် ဝန်ဆောင်မှုပေးသည့်(Trekking Service)များ ၁ဝ ခုထိ ရှိလာသည်။ ဧည့်လမ်းညွှန်အဖြစ်အသက်မွေးဝမ်းကျောင်းပြုသူ၂၅ဝ ခန့်ရှိလာပြီးTrekking Guide ၂ဝဝ နီးပါးရှိလာသည်။ သို့ရာတွင် လိုင်စင်ရဧည့်လမ်းညွှန် ၂ဝ နှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင် ရရှိထားသူမှာမူ ၁၅ ဦးသာရှိကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း (ကလော)မှ သိရသည်။

''၂ဝ၁၁၊ ၂ဝ၁၂ လောက်ကစပြီး ကလောမှာ လိုအပ်တဲ့ဧည့်လမ်းညွှန် အရေအတွက် မလုံလောက်တော့ဘူး။ တစ်နှစ်ထက်တစ်နှစ် ခရီးသည်အရေ အတွက်က ပိုလာတယ်ဆိုတာပဲရှိတယ်။ လျော့သွားတယ်ဆိုတာမရှိဘူး။ ဒီလိုဖြစ်နေတာ မြန်မာတစ်နိုင်ငံလုံးပါပဲ။ ဒီတော့ ဟိုတယ်တွေ၊ အေဂျင်စီတွေက ဧည့်လမ်းညွှန်အသစ်တွေ ထပ်မွေးရတယ်။ ‘ဒီတော့ အခက်အခဲအမျိုးမျိုးကြောင့် ဧည့်လမ်းညွှန်တွေမှာ လိုင်စင်မရှိကြတာများတယ်''ဟု ကိုရဲဘုန်းပိုင်က ဆိုသည်။

ကလောမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးတတ်သည့် မိုးတွင်းကာလဖြစ်သည့် ယခုနှစ် ဇွန်လမှ သြဂုတ်လ တတိယပတ် အတွင်း၌ပင် လေကြောင်းမှတစ်ဆင့် လာရောက်လည်ပတ်သူ ကမ္ဘာလှည့် ခရီးသွား ၁ဝ၆ဝဝ ကျော်ရှိလာခဲ့သည်။ ယင်းမိုးတွင်းကာလအတွင်း၌ပင် လမ်းလျှောက်ရန်ခက်ခဲသည့် ကလော-အင်းလေ Trekking ခရီးသွားရောက် သူမှာ ၃ဝဝဝ ကျော်ရှိခဲ့သည်ကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (ကလော)၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

''အခုလို မိုးတွင်းမှာဆို မြေသားလမ်းတွေက ရွှံ့တွေ၊ ဗွက်တွေနဲ့။ တချို့ နေရာတွေဆို ကျွတ်တွေပေါတယ်။ မတော်တဆချော်လဲပြီး ခြေကျိုးလက်ကျိုး လည်း ဖြစ်နိုင်တယ်ဆိုတာမျိုးကိုတော့ ကျွန်တော်တို့က ကြိုပြီးရှင်းပြပါတယ်။ စိုးရိမ်ပြီး မသွားတော့တဲ့ ခရီးသည်အချို့ရှိပေမယ့် ဒီလိုအတွေ့ကြုံကိုမှ လိုချင်တယ်ဆိုပြီး အများစုကတော့သွားကြတယ်'' ဟု ဦးဒိုစိုးဝင်းက ပြောသည်။

ကလောမြို့မှ အင်းလေးကန်အထိ ခရီးရှည် ခြေကျင်လျှောက်သည့် လမ်းကြောင်းကို ၁၉၉၆ ခုနှစ်ခန့်တွင် ကမ္ဘာလှည့်ခရီးသွားများ စတင်သွားလာ ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ တစ်စတစ်စဖြင့် သွားရောက်သူ များပြားလာခဲ့သည်။ ယခုအခါတွင် ကမ္ဘာလှည့်ခရီးသွားအများစုမှာ အင်းလေးကန်သို့ သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် သွားလာသည့် ပုံစံမှ ကလော-အင်းလေး ခရီးရှည် ခြေကျင်လျှောက်သွားလာသည့် ပုံစံကို ပိုမိုပြုလုပ် လာကြကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (ကလော)၏ အတွင်းရေးမှူး ထံမှ သိရသည်။

Green Discovery Services ပိုင်ရှင်က ''ဧည့်သည်ဆီကယူတဲ့ ဧည့်လမ်း ညွှန်ကြေးဆိုတာက လမ်းညွှန်ခသက်သက်မဟုတ်ပါဘူး။ လမ်းခရီးတစ် လျှောက်မှာ ဧည့်သည်တွေ စားဖို့၊ တည်းခိုဖို့တွေပါ ပါပြီးသားပါ။ တကယ်တမ်း ကလော-အင်းလေး ခရီးရှည်လျှောက်တဲ့ ဧည့်သည်တွေအတွက် တကယ်ပျော်ဖို့ ကောင်းတယ်။ ‘ဒီနေ့ဆို ဧည်သည့်နှစ်ယောက်ပို့ဖို့ရှိတယ်။ လမ်းညွှန်သုံးယောက် ထည့်ပေးလိုက်တယ်။ နှစ်ယောက်က အတွေ့အကြုံရှိတယ်။ နောက်တစ်ယောက် က အတွေ့အကြုံမရှိတော့ အလုပ်သင်ပုံစံ ထည့်ပေးလိုက်တာ'' ဟု ကလော-အင်းလေ Trekking လမ်းကြောင်းမြေပုံကို ရှင်းပြရင်းဆိုသည်။

ခရီးရှည်လမ်းလျှောက်ရသည့် ကလော-အင်းလေ Trekking ခရီးကို အသက် (၂ဝ) မှ (၃ဝ) အကြား လူငယ်နှင့်လူလတ်ပိုင်းများ ပိုမိုသွားရောက်ကြပြီး အမျိုးသား၊ အမျိုးသမီး အချိုးအစားမှာမူ အတူတူဖြစ်သည်။ ဇူလိုင်၊ သြဂုတ် လများနှင့် နိုဝင်ဘာမှ ဖေဖော်ဝါရီလကုန်အထိသည် ခရီးသည်သွားရောက်မှု အများဆုံး အချိန်များဖြစ်သည်။

''ကိုယ့်အစီအစဉ်နဲ့ကိုယ်လာကြတဲ့ FIT (Free Information Tourist) လို့ခေါ်တဲ့ နိုင်ငံခြားသားဧည့်သည်တွေကTrekking အသွားများတယ်။ သီးသန့် သွားချင်တဲ့သူတွေက ‘ဒီကိုမလာခင်ကတည်းက ဧည့်လမ်းညွှန်ဆီကို အီးလ်မေး ကြိုပို့ပြီး သူတို့သိချင်တဲ့ အချက်တွေကိုလည်းမေးတယ်။ လာမယ့်လေယာဉ်၊ တည်းမယ့်နေရာတွေကို ကြိုအကြောင်းကြားထားတယ်။ ‘ဒါကို ဧည့်လမ်းညွှန် က သွားကြိုရတယ်။ စုံတွဲတွေ၊ မိသားစုလိုက် လာတဲ့သူတွေက ‘ဒီလိုပုံစံနဲ့ လာတာများတယ်''ဟု ဦးဒိုစိုးဝင်းက ပြောသည်။

နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်မှု ပိုမိုများပြားလာခြင်းသည် ခရီး သွားလုပ်ငန်း အောင်မြင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လျက်ရှိသည့် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများ လိုက်ပါဖွံ့ဖြိုး လာပေမည်။ ဖွံ့ဖြိုးမှုသည် ရေရှည်တည်တံ့မှုပေးနိုင်မည် ဟုတ်၊ မဟုတ်ကိုမူ မေးခွန်းထုတ်ရန် လိုအပ်လျက်ရှိသည်ဟု ပညာရှင်များက ထောက်ပြထားသည်။

''ကလောရဲ့လက်ရှိအနေအထားကတော့ ရပ်ကွက်နဲ့ အဆောက်အအုံ အနေအထားက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်နေသေးတယ်။ လက်ရှိ အနေအထားထက် ဆုတ်ယုတ်မသွားအောင်၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားဖို့တော့ လိုတာပေါ့'' မြန်မာနိုင်ငံငှက်ဝါသနာရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က သုံးသပ်သည်။

သတင်း ဆောင်းပါး မြတ်သန္တာမောင်၊ ရဲခေါင်ညွှန့် 
ဓာတ်ပုံ-ကိုကို(ကလော)

နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုများပြားလာခြင်းသည် မီးခိုးမထွက် သော စီးပွားရေးလုပ်ငန်းတစ်ခုပင်ဖြစ်သော်လည်း ဒေသခံတိုင်းရင်းသားတို့၏ ကိုယ်ကျင့်တရားနှင့် စီးပွားရေးကိုယ်ကျင့်တရားများ ပျက်စီးလာနိုင်သည်။ ထို့ပြင် နိုင်ငံခြားသားများ၏ ယဉ်ကျေးမှုနှင့် အသုံးဆောင်ပစ္စည်းများအပေါ် အတုယူမှားယွင်းမှုများ ပေါ်ပေါက်လာနိုင်သည်။ ဒေသအတွင်းရှိ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာနိုင်ကာ မလိုအပ်ဘဲ ဟိုတယ်နှင့် တည်းခိုခန်းခများ ဈေးမြင့်တက်ခြင်း၊ အငှားယာဉ်ခများ မလိုအပ်ဘဲ ဈေးမြင့် တက်ခြင်းတို့ ဖြစ်လာနိုင်ပေသည်။ ယင်းအချက်များသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ခြင်းမရှိသော ဒေသခံများအား ခံစားလာနိုင်စေမည့် ခရီးသွားလုပ်ငန်းမှ ရရှိသည့် နောက်ဆက်တွဲဆိုးကျိုးများအား သတိပြုသင့်ကြောင်း ဦးသိန်းအောင် က ထောက်ပြပြောကြားသည်။ ။

သတင်းဆောင်းပါး
မြတ်သန္တာမောင်၊ ရဲခေါင်ညွှန့်
ဓာတ်ပုံ-ကိုကို(ကလော)
ကမ္ဘာလှည့်ခရီးသည်များ၏စိတ်ကို ဖမ်းစားလာသည့် မြန်မာ့တောင်ပေါ်လမ်းလျှောက်ခရီး
Leony Li
By ပြည်မြန်မာ
Published: 2014-09-02T00:48:00-07:00
ကမ္ဘာလှည့်ခရီးသည်များ၏စိတ်ကို ဖမ်းစားလာသည့် မြန်မာ့တောင်ပေါ်လမ်းလျှောက်ခရီး
4.5 11 reviews

Bengkalis Pos


Breaking News close button
Back to top

Bagaimana Pendapat Anda?
 
Begin ©1.8. 2014. ပြည်မြန်မာ - ဆက်သွယ်ရန် | Facebook Message Box ပြည်မြန်မာ | ဆိုဒ်တည်ဆောက်သူ ပြည်မြန်မာ