မြန်မာပြည်နယ်စပ်က သစ်မှောင်ခိုလုပ်သားနဲ့ ယာဘ

Tanggal Tuesday, September 2, 2014 | 1:45 AM

 အောင်ထွန်းလင်း 
(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

မြန်မာလူမျိုးတချို့ ယာဘဆေးပြားရဲ့ ကျေးကျွန် ဖြစ်မှန်းမသိ ဖြစ်နေရ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာသေးခင် ရက်ပိုင်းအတွင်းက လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်မှာ စိတ် မကောင်းစရာ သတင်းတစ်ခု ဖတ် လိုက် ရတယ်။ ဖြစ်တာက မူဆယ်မြို့မှာပေါ့။ အဖေဖြစ်သူက မာကျောက်ကစားတဲ့ အိမ် ကို သားဖြစ်သူကို ခေါ်သွား ရာကနေ သားဖြစ်သူလေးက မူးယစ်ဆေးဝါးသုံးစွဲ ထားတဲ့ အိမ်ရှင်ရဲ့ ဆေးဖောက် လာမှု နောက်ဆက် တွဲအနေနဲ့ အသတ်ခံလိုက်ရတာပါ။ အသတ်ခံရတာလည်း တကယ့်ကို မတွေးဝံ့၊ မကြားဝံ့၊ မမြင်ဝံ့တဲ့ နည်းနဲ့ကို သတ်ပစ်လိုက်တာပါ။

အဲဒီ ကလေးလေး သတ်ခံရတဲ့ပုံတွေ ဖေ့စ်ဘုတ်ပေါ် ပျံ့လာတုန်းက စိတ်လည်း အရမ်းတိုမိတယ်။ ဘာလို့များ အခုလိုမျိုး မမြင်သင့်တဲ့ပုံတွေကို မျှဝေကြတာလဲလို့ပေါ့။ နောက်တော့လည်း သြော်ဩသူတို့ အခုလို တင်လိုက် လို့လည်း အများပြည်သူ သိပြီး မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးကို နားလည် သွားမှာပါလားဆိုပြီး စိတ်ဖြေလိုက်မိ တယ်။ ဒါပေမဲ့လည်း မူးယစ်ဆေးဝါးရဲ့ ဖောက်ပြန်တဲ့ဆိုးကျိုးကြောင့် ကလေးငယ် လေးတစ်ဦး ဆုံးရှုံးခဲ့ရတာ ကိုတော့ မေ့ဖို့ မလွယ်တော့ပါဘူး။…

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်က လူငယ်လူကြီးတွေကြားမှာ မကြာခဏဆို သလို ကြားနေရတာ လူကြီး တွေက မူးယစ်ဆေးဝါး မသုံးဖို့ တားမြစ်နေကြသလို လူငယ်တွေဘက်ကလည်း တစ်နေ့တစ်မျိုး မရိုးရ လေ အောင် မူးယစ်ဆေးဝါးအမျိုး စုံကို သုံးနေတာ တွေ့ရတာပါ။ တချို့ဆိုရင် ကင်ဆာဝေဒနာ ခံစားရသူတွေ အတွက် ပေးတဲ့ အကိုက်အခဲပျောက်ဆေး၊ ချောင်း ဆိုးပျောက်ဆေးတွေကို မူးယစ်ဆေး သဖွယ်သုံးနေတာ လည်း တွေ့ရတော့ ရင်လေးမိတယ်။ ““ဒီလူကြီးတွေက ဘာမှသိတာ မဟုတ်ဘူး၊ ဒါလေးချလိုက်ရင် နတ်ပြည် ရောက်တယ်ဆိုတာ မသိကြဘူးလေ”” ဆိုတဲ့လူငယ်တွေရဲ့အသံ၊ ““အရက်သောက်ရင် နံသေးတယ်၊ ဒါလေးချ လိုက်ရင် လူတောင်မသိဘူး”” လို့ဆိုတဲ့ အမျိုးသမီးငယ်လေးတွေ တစ်ပုံတစ်ပင်ပါ။

နာဂစ်မုန်တိုင်းအပြီး မြန်မာပြည်က ထွက်လို့ ထိုင်းနိုင်ငံ၊ ချုင်းမိုင်မြို့မှာ သတင်းထောက် လုပ်တဲ့အချိန် ယာဘ လို့ ခေါ်တဲ့ မူးယစ်ဆေးဝါး အကြောင်းတွေက မကြာခဏဆိုသလိုပဲ ကြားခဲ့ရဖူးပါတယ်။ နောက်ပြီး ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲ့ဆောက်မြို့ ဆိုတာလည်း သတင်းကိစ္စနဲ့ မကြာခဏဆိုသလို သွားဖူးပါတယ်။ အဲဒီမှာ ထိုင်း အလုပ်ရှင်ဆီမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေ ရှိသလို မြန်မာ အလုပ်ရှင်ဆီမှာလည်း လုပ်တဲ့မြန်မာ အလုပ်သမားတွေ ရှိပါတယ်။ နယ်စပ်မြို့ ဖြစ်တဲ့ အတွက် မှောင်ခိုလုပ်ငန်းကအား ကောင်းလှသလို မြန်မာပြည် ဘက်ခြမ်းက ထွက်တဲ့ သစ်တွေကို အဓိကထားမှောင်ခို ခိုးထုတ်ကြတာပါ။

ဒီနေရာမှာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးနှိမ်နင်းမှုကို ရှောင်ဖို့အတွက် စက်အင်အား ထက် လူအင်အားကို သုံးရတဲ့နေရာမှာ သစ်ခုတ်၊ သစ်ခွဲ၊ သစ်ထုတ်တဲ့အခါ လူအင်အားကို အဓိကထား သုံးကြရလေ့ရှိပါတယ်။ ဒီတော့ လူတွေ အပင်ပန်းခံနိုင်၊ အလုပ်လုပ်နိုင်အောင် အတွက် ယာဘလို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေကို တိုက်လေ့ရှိပါတယ်။

ထိုင်းလူမျိုးတစ်ယောက်ဆီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား သူငယ်ချင်း ပြောပြတာဆိုရင် သစ်တုံးတွေ သယ်တဲ့အခါ သာမန်လူတစ် ယောက် အနေနဲ့ မလုပ်နိုင်လောက်ဘူးလို့ ထင်တဲ့ဟာတွေကို ဆေး ကျွေးလိုက်တဲ့ အချိန်တက်ကြွပြီး သယ်နိုင်လာတယ်တဲ့။ ဒါပေမဲ့ ဆေးရဲ့ နောက်ဆက်တွဲက စလုပ် ခါစတော့ တစ်ခြမ်း၊ နည်းနည်း ၀ါရင်တော့ တစ်လုံး၊ ဒီက တစ်စထက် တစ်စ ဆက်တက်ပြီး တချို့ဆိုရင် တစ်ခါတည်းနဲ့ ဆေးပြား ၃ ပြားကနေ ၄ ပြားအထိတောင် သုံးစွဲတဲ့သူတွေ ရှိတယ်တဲ့။ အဲဒီဆေးပြား တွေကိုတော့ အလုပ်ရှင် ကပေးတာပါ။ မနက်ပိုင်း အလုပ်ဝင်ခါနီးပြီဆိုရင် အလုပ်ရှင်က ခန့် ထားတဲ့၊ စိတ်ချရတဲ့ လူယုံက အလုပ်သမား တွေကို သတ်မှတ် ထားတဲ့ ဆေးပြားတွေ လိုက်ဝေရလေ့ရှိတယ်တဲ့။ ဒီတော့ အလုပ်သမားတွေက ဆေးပြား တန်ခိုး နှစ်ဆတိုးပြီး အလုပ်လုပ်ကြလေ သတည်းတဲ့။

ဒါပေမဲ့လည်း ဆေးပြားရဲ့ အာနိသင် စွမ်းအားနဲ့ အလုပ်လုပ်နိုင်ပေမယ့်လည်း တကယ်တမ်း ဆေးပြား ပြယ်တဲ့ အချိန်တွေ၊ အသက်အရွယ်ကြီးလားတဲ့ အချိန်တွေမှာတော့ ဆေးပြားရဲ့မကောင်းတဲ့ အကျိုး ဆက်ကြောင့် ဆေး စွဲကုန်တာ၊ ဆေးပြားမှ မချရရင်ဖြင့် အလုပ်မလုပ်နိုင်တာ၊ ဆေးပြားတန်ခိုးကြောင့် ခန္ဓာကိုယ်က အလုပ် လုပ်နိုင်သော်လည်း မနိုင်ဝန် ထမ်းခြင်းများကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်းက နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ခံစားလာရပါတော့တယ်။ ဒါ့အပြင် စိတ်ထွေပြားခြင်း၊ စိတ်ဂနာမငြိမ်ခြင်းစတဲ့ ဆိုးကျိုးတွေကြောင့် လူမှုရေး၊ စီးပွားရေးစတဲ့ ကဏ္ဍတွေမှာပါ အမှားအယွင်းတွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့လည်း ဘယ်လောက်ပဲဖြစ်ဖြစ် ဆေးမပြတ်ချင်တဲ့ဇောနဲ့ ကိုယ့်ခန္ဓာ ကိုယ်နာလို့ နာမှန်းမသိ၊ ဖြစ်ချင်တဲ့ ဖြစ်ရင်း တချို့ဆိုရင် ဆေးဒဏ်ရာကြောင့် အသက်ဆုံးပါးရတဲ့အထိ ဖြစ်ခဲ့တာတွေ ရှိတယ်လို့ အဲဒီသစ်မှောင် ခိုလုပ်ငန်းမှ ထိုင်းသူဌေး လူယုံအနေနဲ့ လုပ်နေတဲ့ သူငယ်ချင်းရဲ့ ပြောပြချက်က ကျွန်တော့် အတွက်တော့ မှင်တက်အံ့သြ ဖြစ်စေခဲ့ပါ တယ်။ ဒါပေမဲ့လည်း ထိုင်း-မြန်မာ နယ် စပ်မြို့တွေမှာ ယာဘအပါအ၀င် မူးယစ် ဆေးဝါးတွေကလည်း လွယ်လင့်တကူ ရနေဆဲဖြစ်ပြီး အခုချိန်အထိ အဲဒီလို မူးယစ်ဆေးပြားရဲ့ ကျွန်တွေအဖြစ် အသက်ဆက်ရှင်ကြတာ တွေ့တော့လည်း တရားကျခဲ့ရတယ်။

ဘာတဲ့ …အဲဒီက မြန်မာတချို့ ပြောပြတာ ရှိသေးတယ်။ ထိုင်းနဲ့ မြန်မာနဲ့က ရန်ငြိုးတဲ့။ မြန်မာအမျိုးသမီး ကောင်းတွေကို ထိုင်းက ဖျက်ဆီးတော့ ထိုင်းကိုလည်း မြန်မာက ယာဘနဲ့ ပြန်ဖျက်တာပေါ့တဲ့။ ဒါပေမဲ့လည်း တကယ်တမ်း ထိခိုက်ရတာက နှစ်ဖက်စလုံးပါပဲ။ မည်သို့ပင်ဖြစ်စေ ကာမူ မြန်မာပြည် နယ်စပ်ပေါက်တစ်ခု ဖြစ်တဲ့ မဲဆောက်မြို့ ပတ်ချာလည်မှာ ကျင်လည်လှုပ်ရှားနေကြရတဲ့ သစ်မှောင်ခို လုပ်ငန်းလုပ်သား မြန်မာ လူမျိုးတချို့ ယာဘဆေးပြားရဲ့ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေရတဲ့ အကြောင်းအရာကတော့ ငြင်းဆိုလို့ မရတဲ့ အရာပါ။

ထို့အတူ ငွေဖြစ်လွယ်တဲ့ ယာဘဈေး ပြားကို ထုတ်လုပ်သူတွေ ကလည်း ဈေးကွက်လိုအပ်ချက် ကြီးမား တဲ့နေရာမျိုးတွေ ရှိနေသရွေ့ ထုတ်လုပ်မြဲ ထုတ်လုပ်နေကြဦးမှာပဲ။ နယ်စပ်က ကျွန်တော်သိတဲ့ သစ် မှောင်ခို လုပ်ငန်းက တစ်ခုတည်းပါ။ တကယ်တမ်းတော့ အဲဒီလို သစ်မှောင်ခို လုပ်ငန်းတွေက အဖွဲ့လိုက် အဖွဲ့လိုက် တွေနဲ့ အများကြီးပါ။ တချို့ သစ်မှောင်ခိုစခန်း တွေဆိုရင် လက်နက်ကိုင်စွဲတဲ့ လုံခြုံရေးတွေ အပါအ၀င် လူအင်အားများများနဲ့ တည် ဆောက်ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေပါ။

လိုအပ်ချက်တွေ ရှိနေသရွေ့ကတော့ ထုတ်ကုန်တွေက တိုးထုတ်ကြလေ့ရှိတဲ့ ဘောဂဗေဒ သဘောတရား၊ ဆူလွယ်နပ် လွယ်ပြီး ငွေပေါ်မြန်ခြင်းကလည်း တစ် ဖက်ကလည်း ထောက်ပံ့ပေးနေပြန်တော့ ယာဘဈေး ကွက်ကြီးကလည်း ကြီးသထက် ကြီးလို့ နယ်ချဲ့ချင်တိုင်းကို ချဲ့လို့ရနေဆဲပဲ ဖြစ်နေတော့မှာပါ။

မြန်မာသံတော်ဆင့်သတင်းဌာန
မြန်မာပြည်နယ်စပ်က သစ်မှောင်ခိုလုပ်သားနဲ့ ယာဘ
Leony Li
By ပြည်မြန်မာ
Published: 2014-09-02T01:45:00-07:00
မြန်မာပြည်နယ်စပ်က သစ်မှောင်ခိုလုပ်သားနဲ့ ယာဘ
4.5 11 reviews

Bengkalis Pos


Breaking News close button
Back to top

Bagaimana Pendapat Anda?
 
Begin ©1.8. 2014. ပြည်မြန်မာ - ဆက်သွယ်ရန် | Facebook Message Box ပြည်မြန်မာ | ဆိုဒ်တည်ဆောက်သူ ပြည်မြန်မာ